Tags
ဖြန့်ခင်းလိုက်ကြ…
ခင်ဗျားတို့ရဲ့ ရေစိုတောင်ပံတွေ
ကိုယ့်အတိုင်းအတာနဲ့ကိုယ် အမြင့်ခုန်ရင်း
တောင်ပံအစုံလိုက် ဝေ့…ဝဲ…ပြ
ပြာရှရှအလင်းရဲ့ နီညိုရောင် ကတ္တီပါစအောက်
ကိုယ့်တံဆိပ်ကိုယ် တိတ်တဆိတ် ခပ်နှိပ်ကြ
ရောင်ပြန် မတပ်မိတဲ့နေ့ရက်တွေမှာ
လမ်းမကြီးဟာ သိပ်အန္တရယ်များလှချည့်
မိုးချုပ်တိုင်းလည်း အသစ်ဖြစ်ဖြစ်နေတော့
ကိုယ့် ဗားရှင်း* ကိုယ်မှ မမြှင့်နိုင်ရင်
နေကမ္ဘာရဲ့ လည်ပတ်မှု ဆိုတာ
နှေးကွေးသွားတတ်တာမျိုးပဲ
ဖုန်းတလုံး ဝယ်ထားပါ ပြီးရင်
ခင်ဗျားဟာ တခုခုဖြစ်ကြောင်း
တယောက်ယောက်ကို ပြောပါ
ခင်ဗျား အသက်ဝင်လာလိမ့်မယ်
ဗီလိန်တွေမှာ ဗီလိန်ဖြစ်ရတာကို နှစ်သက်တဲ့
ရက်စက်စက် ခံစားချက်တမျိုး ရှိကြတယ်
ဒီစကားကို သဘောကျတယ် မဟုတ်လား
ဒီလိုလုပ်ပါလား…
မင်းသားနေရာက ခင်ဗျားပဲ သရုပ်ဆောင်ပါ။
သူ မရတ်
(၁၇၊ ဇူလိုင်၊ ၂၀၁၆)
* Version